(၀၉) ၂၅၆၃၂၇၇၄၆

[email protected]

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် သမိုင်းအကျဉ်း

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပြုလုပ်ထားသောအဆောက်အဦတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၂၉ ခုနှစ် အထိနေထိုင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်သည်(၇)နှစ်သားအရွယ်မှစ၍ နတ်မောက်မြို့ရှိ ဒီပင်္ကရာ ဘုန်းတော်ကြီးကျောင်းတွင် စာသင်ကြားခဲ့ကြောင်း၊ (၁၄) နှစ်အရွယ်တွင် ရေနံချောင်းမြို့သို့ ပြောင်းရွှေ့ပညာသင်ခဲ့ပါသည်။

          အဆိုပါ နေအိမ်ဝင်းတွင် ဗိုလ်ချုပ်၏ မိခင်ဒေါ်စုနှင့် သူမ၏ မောင်နှမသားချင်းများ နေထိုင် ခဲ့ကြကြောင်း၊ အိမ်ခြံဝင်းကြီးထဲတွင် စုပေါင်းနေထိုင်ကြခြင်းဖြစ်ကြောင်း၊ဗိုလ်ချုပ် ၏ဖခင် ဦးဖာကွယ်လွန်ပြီးနောက် အိမ်ကြီးတွင် အစ်ကိုအကြီးဆုံးဖြစ်သူ ဦးနေအောင်က မိခင်ဖြစ်သူနှင့်အတူဆက်လက်နေထိုင်ခဲ့ကြောင်း၊ ၁၉၇၀ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဦးနေအောင် ကွယ်လွန်ပြီးနောက် သားဖြစ်သူဦးအောင်မြင့်သိန်းကဆက်လက်နေထိုင်ခဲ့ကြောင်း၊ ၁၉၇၃ခုနှစ်တွင် ဦးဘဝင်း၏ဇနီး၊ ဗိုလ်ချုပ်၏ဇနီးနှင့် ဦးအောင်သန်းတို့က အဆိုပါ နေအိမ်ကြီးအားနိုင်ငံတော်သို့ လှူဒါန်းရန် တိုက်တွန်းခဲ့ကြသဖြင့် ဦးအောင်မြင့်သိန်းက၁၉၇၃ ခုနှစ် ဇူလိုင်လ(၁၆) ရက်နေ့တွင် လှူဒါန်းခဲ့ရာယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်း ခဲ့ပါသည်။၁၉၇၄ ခုနှစ် ဧပြီလ(၈) ရက်နေ့တွင် နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက် မီးလောင် သွားခဲ့ပါသည်။မီးလောင်ပြီးနောက် မြေကွက်များအား ပြန်လည်နေရာချထားပေးရာ ဗိုလ်ချုပ်အောင်ဆန်း၏ ဆွေမျိုးများကယင်းတို့၏ မူလအိမ်နေရာများကို ပြန်မယူတော့ဘဲ နိုင်ငံတော်သို့ လှူဒါန်းခဲ့ကြောင်းထို့ကြောင့် လက်ရှိမြေနေရာ အကျယ်အဝန်းအတိုင်း ဖြစ်လာခဲ့ကြောင်း၊ ၁၉၇၅ ခုနှစ်တွင် နတ်မောက်မြို့နယ်၊ ဆောက်လုပ်ရေးက မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး ၁၉၈၃ခုနှစ်တွင် မြို့နယ်ပါတီယူနစ်နှင့် ပြည်သူ့ကောင်စီသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ပါတီကောင်စီမှတစ်ဆင့်ယဉ်ကျေးမှုဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါ သည်။

ကျေးဇူးတင်လွှာ

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်( နတ်မောက် ) ၏ ( ၇၃ )နှစ်မြောက် အာဇာနည်နေ့ပြပွဲအား Online (Website) မှ ပြသနိုင်ရေးလုပ်ငန်းအတွက် Website လိပ်စာတစ်ခုဝယ်ယူရာတွင် https://www.generalaungsanmuseum.com အမည်ဖြင့် ဒိုမိန်းတစ်ခုဝယ်ယူရရှိခဲ့ပြီး အဆိုပါ ဝက်ဘ်ဆိုက်အတွက် ကျသင့်ငွေအား လှူဒါန်းပေးပါ‌သော နတ်မောက်မြို့နယ်အသင်း( ရန်ကုန် ) ၊ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံအား Sketch ရေးဆွဲပေးပါသော ပန်းချီ ဦးဌေးအောင် နှင့်မှတ်တမ်းဓါတ်ပုံများ အသုံးပြုခွင့်ပေးပါသော အမျိုးသားပြတိုက်(ရန်ကုန်) တို့အား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။