(၀၉) ၂၅၆၃၂၇၇၄၆

[email protected]

Blog Detail

ဗိုလ်ချုပ် အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) နောက်ခံသမိုင်းကြောင်း

  • July 1, 2020

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) သည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်၊ အမှတ်(၂၂)၊ ဦးပိုင်အမှတ်(၄၈) ပေါ်တွင်ရှိပြီး မြေဧရိယာ (၀.၇၃၅) ဧက ကျယ်ဝန်းပါသည်၊၊ ၁၉၇၃ ခုနှစ် ဇူလိုင်လ(၁၆) ရက်နေ့တွင်  ဗိုလ်ချုပ်၏ ဆွေမျိုးများက အဆိုပါနေအိမ်ကို ယဉ်ကျေးမှုဝန်ကြီးဌာသို့ လှူဒါန်းခဲ့ရာ ထိုအချိန်မှစ၍ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းပြီး ဝင်ကြေးအခမဲ့ဖြင့် အထိမ်းအမှတ်ပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။

၁၉၇၄ ခုနှစ်တွင် နတ်မောက်မြို့ပေါ်တစ်ခုလုံးနီးပါး ကူးစက်လောင်ကျွမ်းသောမီးကြောင့် အဆောက်အအုံတစ်ခုလုံး မီးလောင်ကျွမ်းပျက်စီးခဲ့ပါသည်။ မီးလောင်ကျွမ်းသော မြေနေရာပေါ်တွင် ယခင်ဗိုလ်ချုပ်နေအိမ်ပုံစံအတိုင်း မြို့နယ်ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ပြန်လည်တည်ဆောက် ခဲ့ပြီး ၁၉၈၃-၈၄ ခုနှစ်တွင် ဝင်ကြေးအခမဲ့ဖြင့် အများပြည်သူအား ပြန်လည်ဖွင့်လှစ် ပြသခဲ့ပါသည်။

၁၉၉၆ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်) ကို လူကြီး၊ ကလေး တစ်ဦးလျှင်(၃) ကျပ်နှုန်း၊ သံဃာ၊ သီလရှင်၊ ကျောင်းသူ၊ ကျောင်းသားများကို အခမဲ့ဖြင့် နှုန်းထား သတ်မှတ်ကာ ဖွင့်လှစ်ပြသခဲ့ပါသည်။ ၂၀၀၆ ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့မှစ၍ အထိမ်းအမှတ် ပြတိုက် တစ်ခုအနေဖြင့် လေ့လာလိုသူပြည်တွင်းပြည်ပ ဧည့်သည်များ အဆင်ပြေစွာကြည့်ရှုနိုင်ရန် ရည်ရွယ်ကာ ပြည်တွင်း/ပြည်ပ လေ့လာသူများအား အခမဲ့ဖွင့်လှစ်ပြသခဲ့ပါသည်။

အဆိုပါ အဆောက်အအုံမှာ ဝါးသက်ကယ်မိုး၊ သစ်သားအဆောက်အအုံဖြစ်ပြီး ၁၉၇၅ ခုနှစ် ကတည်းက တည်ဆောက်ခဲ့သော အဆောက်အအုံဖြစ်သဖြင့် ပျက်စီးယိုယွင်းမှုများရှိလာခြင်း၊ ပူပြင်းခြောက်သွေ့သော ဒေသဖြစ်သဖြင့် မီးဘေးအန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ၂၀၀၇ ခုနှစ် ဇူလိုင်လမှ စတင်၍ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို အာဇာနည်နေ့ တစ်ရက်တည်းသာ အခမဲ့ဖွင့်လှစ်ပြသခဲ့ပြီး ကျန်ရက်များတွင် ပိတ်ထားခဲ့ပါသည်။

ယခုအခါ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်) ၏ သန့်ရှင်းရေး၊ သာယာလှပရေး နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက်လည်း စီမံချက်ဖြင့် နေ့စဉ်စနစ်တကျ ကြီးကြပ်ဆောင်ရွက် လျက်ရှိပါသည်။ ထို့အပြင် အထိမ်းအမှတ်ပြတိုက်တစ်ခုအနေဖြင့် ပြသနိုင်ရေးအတွက် ပြသပစ္စည်းများဖြစ်သည့် ဓာတ်ပုံများ၊ သစ်သားပရိဘောဂများ၊ စာရွက်စာတမ်းများ၊ အဝတ်အထည်များအား ပြုပြင်သန့်စင် ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ကျရောက်ခဲ့သော (၆၄) နှစ်မြောက် အာဇာနည်နေ့မှစတင်၍ စနစ်တကျ ခင်းကျင်းပြသ ထားရှိဆောင်ရွက်ခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)အား ဖွင့်လှစ်ပြသခြင်းဖြင့် နိုင်ငံ၏ အမျိုးသားခေါင်းဆောင်တစ်ဦး၏ နေအိမ်ကို လေ့လာနိုင်ပြီး နောင်လာနောက်သား၊ ကျောင်းသား၊ လူငယ်များအနေဖြင့် ပညာရေးအလှမ်းကွာဝေးသည့်  ထိုခေတ်၊ ထိုအချိန်၊ ထိုနေရာမှ ကျောင်းသား လူငယ်တစ်ဦးဘဝမှ နိုင်ငံခေါင်းဆောင်တစ်ဦးအဖြစ် ရောက်ရှိခဲ့ပုံကို အားကျဂုဏ်ယူလိုစိတ်၊ ကောင်းမွန်သော အမူအကျင့်များကို အတုယူလိုစိတ်၊ ပညာကိုလိုလားစွာသင်ယူလိုစိတ်၊ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်လိုစိတ်များ ပေါ်ပေါက်လာစေခြင်း၊ မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်လာပြီး နယ်ချဲ့တို့၏ အန္တရာယ်ကို နားလည်သဘောပေါက်စေခြင်း၊ အထိမ်းအမှတ် ပြတိုက်တစ်ခု ဖွင့်လှစ်ပြသနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *